>

03 December, 2011

အိပ်ပျော်စေဖို့


သင်အိပ်မပျော်ဘူးလား။ ပက်(ပ်)ဝပ်ဆေးရုံ၊ အိပ်စက်ခြင်းဆိုင်ရာစင်တာမှ ဒါရိုက်တာ ဂျွန်ရှနီယာဆန်က အောက်ပါ မဟာဗျူဟာများကို အကြံပေးထားပါတယ်။


အိပ်ရာဝင်ချိန်မှန်ပါစေ

အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်မှန်အောင်ကြိုးစားပါ။ သင့်အိပ်ချိန်အပြောင်းအလဲများခြင်းက ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီကို ဇဝေဇဝါဖြစ်စေပါတယ်။


ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့တာအတွင်း မိနစ် ၃၀ လောက် ခွန်တိုက်အားတိုက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းက ပူပန်သောကကို ဖယ်ရှားနိုင်ပြီး ကိုယ်စိတ်ဖြေလျော့မှုကို ဖြစ်စေပါတယ်။ ခပ်မြန်မြန်သွက်သွက် လမ်းလျှောက်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။


ရေခပ်နွေးနွေးနှင့် ရေချိုးပါ

ရေခပ်နွေးနွေးနှင့် ကြာကြာချိုးခြင်းက သင့်ခန္ဓာကိုယ်အပူချိန်ကို တိုးမြှင့်ပေးပါတယ်။ အိပ်ချိန်ရောက်တဲ့အခါ ကိုယ်အပူချိန်ကျသွားတဲ့အတွက် သင့်ခန္ဓာကိုယ်အိပ်ချိန်ကျပြီလို့ သတိပေးတဲ့ ကိုယ်တွင်းအချက်ပေးစနစ်တစ်ခု ဖြစ်တယ်။


အနားယူချင်စဖွယ်ဖြစ်အောင် အိပ်ခန်းကိုပြင်ဆင်ပါ

မှောင်ပြီး ဆိတ်ငြိမ်အေးမြတဲ့ ပတ်ဝန်းကျင်က ကောင်းစွာ အိပ်ပျော်အောင် လုပ်ဆောင်ပေးပါတယ်။ လိုက်ကာများကို ချထားခြင်းက အထောက်အကူပြုပါတယ်။


သင့်အိပ်ရာမှာ အရင်းအနှီးပြုပါ

သင့်မွေ့ရာက ၁၀ နှစ်ကျော်ကြာဟောင်းနွမ်းအိကျပြီး သင့်ကိုခါးနာကျောနာ ဝေဒနာပေးပါသလား။ ဒါဆိုလဲဖို့လိုပြီ။ တောင့်တင်းတဲ့ မွေ့ရာနဲ့အိပ်ရာခင်းက အိပ်ပျော်ခြင်းကို အကူအညီပေးပါတယ်။

1 comment:

  1. ကျေးဇူးပါ ဒါပေမဲ့ ညတွေ မအိပ်ဖြစ်ခဲ့တာနှစ်နဲ့ ချီနေပြီ ဆိုတော့ ပြင်နိုင်ပါ့မလား....မနက်အုန်းမောင်းခေါက်ချိန်မှ အိပ်ယာထဲ ၀င်မိနေလို့လေ.....

    ReplyDelete