30 December, 2011

Facebook မှာတင်ရန် ဓာတ်ပုံရိုက်နည်းများ

- အသုံး အများဆုံးနည်းလေးကတော့ နှုတ်ခမ်းလေးကိုစူရင်စူ၊ ပါးလေးကိုဖောင်းရင်ဖောင်း၊ ဒါမှမဟုတ်ရင် လျှာကလေးကို တစ်လစ်တစ်လစ် လုပ်လိုက်ပါ။ ဒါမှမဟုတ်လည်း ၃ ခုလုံး ပြိုင်လုပ်ချင်လဲရပါတယ်။ ပိုလှချင်သေးတယ်ဆိုရင်တော့ လက်ညှိုးနဲ့ ပါး ဒါမှမဟုတ် နှုတ်ခမ်းလေးကို ထောက်လိုက်ပါ။ ပြီးတော့ ရိုးသားသယောင်ယောင် (သို့) အံသြသယောင်ယောင် (သို့) Feel တက်နေသယောင်ယောင် မျက်နှာပေးလုပ်ချင်လဲ ရပါတယ်။ စိတ်ကျေနပ်ပြီဆိုရင်တော့ Camera မီးကျွမ်းအောင် ရိုက်လို့ရပါပြီ။ ဒီရုပ်ဒီရည်နဲ့ ပုံ ၁၀၀ ရိုက်ရင် ၁ ပုံတော့လှမှာပဲ။ အင်း၊ ကြိုက်တဲ့ ပုံရပြီဆိုရင်တော့ မြန်မြန်သာ Upload လုပ်ပေတော့။ အစ်ကိုကာလသားတွေ မြန်မြန်ငမ်းလို့ရအောင်။

123

 

- နောက်တစ်နည်းကတော့ ကိုင်းထူထူနဲ့မျက်မှန်၊ ဒါမှမဟုတ် မှန်မပါတဲ့မျက်မှန်တပ်ပြီး ရိုက်နည်းပါပဲ။ ကိုင်းကအရောင်စုံဆိုရင် ပိုတောင် ကောင်းသေး။ ဘာကြောင့်ဒီနည်းကိုသုံးသင့်လဲဆိုရင် မျက်မှန်ကိုင်းကထူတော့ မျက်နှာပေါ်က တင်းတိပ်၊ ဝက်ခြံ၊ ကြက်ခြံတွေကို ဖုံးပြီးသား ဖြစ်သွားတာပေါ့ကွယ်။ ပြီးတော့ မျက်မှန်ကိုပဲ အာရုံရောက်နေကြတော့ ကိုယ်မလှတာလူသတိမထားမိဘူးပေါ့။ ဒါတောင်အဆင်မပြေသေးဘူး ဆိုရင်တော့ မျက်နှာတစ်ဝက်လောက်ဖုံးတဲ့ နေကာမျက်မှန်ကြီးတွေတပ်ပြီး ရိုက်လို့ရပါသေးတယ်။ အခြောက်ကြီးဆိုရင်တောင် ဘယ်သူမှ သိမှာမဟုတ်ဘူး။ ပြီးတော့ ပျားလိုလို၊ ယင်ကောင်လိုလို၊ ပုတုန်းလိုလိုနဲ့ လူတောင်ရှိန်သေး။

456

 

- ပိုလှချင်ပါသေးတယ်ဆိုရင်တော့ ဟိုဂျပန်ကာတွန်းကားတွေထဲကလို မျက်ဆံကြီးကြီး အရောင်တောက်တောက်တွေနဲ့ မျက်ကပ်မှန်တွေတပ် ပြီး ရိုက်လို့ရပါသေးတယ်။ လန်းလွန်းလို့ ကိုယ့်ရုပ်ကိုယ်တောင် မှတ်မိမှာမဟုတ်ဘူး။ အဲဒီမျက်လုံးတွေကိုမှကြိုက်တဲ့ကောင်လေးနဲ့တွေ့လို့ ရည်းစားရရင်တော့မပူပါနဲ့။ မျက်ကပ်မှန်ကို အိပ်တဲ့အချိန်ကျမှချွတ်ပေါ့။ အိပ်တဲ့အချိန်ဆိုတော့သူလည်း မျက်လုံးကိုစိတ်ဝင်စားနိုင်တော့မှာ မဟုတ်ပါဘူး၊ (တစ်ခြားစိတ်ဝင်စားစရာတွေရှိတာကိုး)ပြီးတော့ မျက်လုံးကြီးကြီးနဲ့တော့လှချင်တယ်၊ ဒါပေမယ့် မျက်ကပ်မှန်မတပ် ချင်ဖူးဆိုလဲ နောက်တစ်နည်းရှိသေးတယ်။ အိမ်မှာသကြားရှိတယ်ဟုတ်? အင်း၊ အဲဒီသကြားကို  လက်ဘက်ရည်ဇွန်းတစ်ဇွန်းလောက်ခပ်ပြီး စားပွဲပေါ်မှာတင်၊ ပြီးရင် ဘူးအလွတ်တစ်လုံးနဲ့ စောင့်နေ။ ခဏနေ ပုရွက်ဆိတ်တွေလာလိမ့်မယ်။ သူတို့ကိုဘူးနဲ့ဖမ်းပြီး တစ်နေ့တစ်ဘူးမှီဝဲဗျ။ ဘာကောင်းလဲဆိုတော့ မသိဘူးလေ၊ လူကြီးတွေပြောတာက ပုရွက်ဆိတ်စားရင် မျက်လုံးပြူးတယ်ဆို။

789

 

- နောက်ထပ်တစ်နည်းကတော့ အိမ်မှာ မွှေးပွရုပ်တွေရှိရုံနဲ့တင် အလုပ်ဖြစ်ပါတယ်။ လုပ်ရမှာကတော့ ညဝတ်အင်္ကျီကိုဝတ်၊ ပြီးတော့ဆိုဖာ၊ ဒါမှမဟုတ်လည်း ကုတင်ပေါ်မှာထိုင်၊ အရုပ်ကလေးကို ချစ်စဖွယ်ပိုက်ပြီး အိမ်ကလူတစ်ယောက်ယောက်ကို Camera သာပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာ တကယ့်ချစ်စရာ့အရွယ် နို့နံ့တောင်မစင်သေးတဲ့ကလေးမငယ်စတိုင် ဓါတ်ပုံတစ်ပုံရဲ့ ဂုဏ်ယူဖွယ်ပိုင်ရှင်ဖြစ်သွားပါပြီ။

1011

12

 

- တကယ်လို့ Cute ဖြစ်တာမကြိုက်ပဲ ပူစပ်ပူလောင် Hot & Sexy ကို ကြိုက်တယ်ဆိုရင် ပထမဆုံး Stocking တစ်ထည်ရှာပါ၊ အပေါက်တွေ ပါရင်တော့ ပိုကောင်းတာပေါ့။ ပြီးတော့အခုဝတ်နေတဲ့အင်္ကျီထက် ၄ ဆိုဒ်လောက်သေးတဲ့အင်္ကျီကိုရှာပါ။ အဲဒါတွေဝတ်ဆင်လိုက်ရင်တော့ မယ်စကြာဝဠာရှူံးလောက်တဲ့၊ ကိုယ့်မှာရှိနေမှန်းတောင်မသိပဲနဲ့ ငုပ်လျှိုးနေခဲ့တဲ့ ကျပ်ထုပ်တင်းရင်းနေတဲ့အလှတွေ ပေါ်ထွက်လာပါလိမ့်မယ်။ ဓါတ်ပုံရိုက်ရင်လည်း ဒီအလှတွေပေါ်အောင်လို့ Camera ကို အပေါ်ကနေချိန်ပြီးရိုက်ပါ။ ရှုခင်းကောင်းတာပေါ့။ ဒါမှမဟုတ်ရင်လည်း မှန်ထဲ ကနေတစ်ဆင့် Angle ပေါင်းစုံကနေစမ်းပြီးရိုက်ကြည့်လိုက်ပါ။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး ကိုယ်ကိုတိုင်တောင် မရိုးမရွဖြစ်လာပြီဆိုရင်တော့ သင်ဟာနောက်ထပ်ဂုဏ်ယူဖွယ်ရာ ကောက်ညှင်းထုပ်ဓါတ်ပုံ၏ ပိုင်ရှင်ဖြစ်သွားပြီဆိုတာ သိရှိလိုက်ပါတော့။ ပြီးတော့ဒီနေရာမှာ ယူတတ်ရင် ရမယ့် အခွင့်အရေးလေးတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Camera အစား Phone နဲ့ဓါတ်ပုံရိုက်တာပါပဲ။ မှန်ထဲမှာရိုက်တာဆိုတော့ ဓါတ်ပုံထဲမှာ သင့် Phone လဲပါလာမယ်လေ။ သင့်၏ တန်ဖိုးကြီးပြီး ဖန်ရှင်စုံပေသော iPhone 10Gs (သို့) HTC Superhero OMFG! (သို့) Sony Ericsson Zeperia Z20 (သို့) Nokia N-Gazillion အစရှိသော အမျိုးကောင်းသား/သမီး Handset တို့ကို အသင်၏ခန္ဓာကိုယ်အလှ နောက်ခံထားကာ တစ်ကမ္ဘာလုံးက မနာလိုအားကျကြောင်းငှာ ကြွားဝါပြသခွင့်ရမည့်အရေး ဤနှယ်ကောင်းမွန်သော အခွင့်အရေးထူးကြီးအား အဘယ်မှာတွေ့ရပါညားအံ့။ ထို့ကြောင့်ဤအခွင့်အရေးထူးကြီးအား လက်မလွတ်ရလေအောင် အမိအရယူပါလေ။

131415

 

- ဒီလိုအံ့မခန်းဓါတ်ပုံတွေရိုက်မယ်ဆိုရင် Setting ကောင်းကောင်းလိုပါတယ်။ Facebook မှာ popular ဖြစ်နေတဲ့နေရာတွေကတော့ Photo studio၊ ပန်းခြံပေါင်းစုံ၊ အဆောက်အဦးများ၏ အပေါ်ဆုံးထပ်၊ အင်တာနက်ဆိုင်၊ hotel & restaurants တွေမှာရှိတဲ့ ကျွန်တော့်အခန်းထက် တောင်ကောင်းတဲ့ အဆင့်မှီအိမ်သာကြီးများ၊ ပြီးတော့ အိပ်ခန်း၊ ရေချိုးခန်း အစရှိသဖြင့်ပါပါတယ်။ ကိုယ်ဥာဏ်ရှိရင်ရှိသလောက် ဆန်းသစ် တီထွင်ရိုက်ကူးလို့ရတဲ့အတွက် အကျယ်တဝင့် မညွှန်ကြားတော့ပါဘူး။

- နောက်ဆုံးအနေနဲ့ ဓါတ်ပုံရိုက်ပြီးလို့ Profile Picture တင်တော့မယ်ဆိုရင်တော့ photo frame၊ ဒါမှမဟုတ် စာလေးတွေ၊ အသည်းပုံလေး တွေမပါရင်မပြီးပါဘူး။ တွေ့ရတတ်တဲ့ စာလေးတွေကတော့ "ZOMG I’m sO fUCkiNg CuTE!!!!!1122@@", "I miss you so much that I'm posting my cute/revealing photos on Facebook", "I am so hot I'm jealous of myself", "Your boobs are smaller than mine bwaa haa haa" အစရှိသဖြင့်ဖြစ်ပါတယ်။ ကဲ...ပြင်ဆင်မှုတွေအားလုံး ပြီးပြည့်စုံသွားရင်တော့ Facebook ပေါ်ကို တင်လို့ရပြီပေါ့နော်။ တင်ပြီးတဲ့အခါကျရင် မတော်တဆ Home Page မှာပဲဖြစ်ဖြစ်၊ Recent Posts မှာပဲဖြစ်ဖြစ် တစ်ချို့တစ်ချို့သောလူတွေက မကြည့်မိဘဲ ဖြစ်သွားရင် ကိုယ်အပင်ပန်းခံ ဓါတ်ပုံရိုက်ထားရတာတွေ၊ ပြင်ဆင်လိုက်ရတဲ့အချိန်တွေ အလကားဖြစ်သွားမှာပေါ့။ အဲလိုမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သင့် Photo ကို တင်လိုက်ပြီးတာနဲ့ သင့် Friends List ထဲက သိတဲ့သူကော၊ မသိတဲ့သူကော၊ မသိတသိသူကော၊ မသိသိတသိသိသူတွေကော အားလုံးကိုသာ Tag လုပ်လိုက်ပါ။ သင့် Photo အောက်မှာ Comment လေးတွေကို ဝေေ၀ဆာဆာ တွေ့ရပါ လိမ့်မယ်။

1617

 

အထက်ပါညွှန်ကြားချက်တွေကို လိုက်နာခဲ့မယ်ဆိုရင်တော့ သင်ဟာ Friends ရာ၊ ထောင်ချီပိုင်ဆိုင်တဲ့ Facebooker တစ်ယောက်အဖြစ်ကို မကြာမီရောက်ရှိပါတော့မယ်။ အဲဒီ Friends တွေထဲမှာ ပုရိသတွေကတော့ 99.9999999999% ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး (အဲဒီလို ဖြစ်အောင် လုပ်ထားတာပဲ ဟာကို)။

ထပ်ပြီးဂုဏ်ယူစရာကတော့ သင်ဟာဒီပုရိသတွေရဲ့ comment တွေနဲ့ ချီးမြောက်မှုတွေကြားမှာ မျက်နှာပန်းပွင့်လန်းလာတော့မှာ မလွဲဧကန် ပါပဲ။ အဲဒီလိုချီးကျူးဂုဏ်ပြုမှုတွေကို ကြိုတင်ခံစားလို့ရအောင် comment နမူနာလေးတွေကို ကြည့်ကြည့်ပါအုံး။


•    "လန်းတယ်နော်" (“ဟုတ်၊ ကျေးဇူးနော်”)

•    "so beauty" (English လိုပြောပြီးအထင်ကြီးလဲခံချင်သေး၊ Grammar ကလဲမပိုင်)

•    "စားချင်စရာကြီး" (အတော်ပဲ toilet က flush လုပ်လို့မရတာနဲ့)

•    “ဘယ်လိုကြည်ကြည် အမြဲလှတယ်”  (မြန်မာစာလုံးတောင် မှန်အောင်မပေါင်းဘူး)

•    သြော်--- သဘာဝတရားကို ပိုပြီးပြည့်စုံလှပသွားအောင် လှပနေသူပါလားနော် (“သဘာဝတရားကို အကျည်းတန်အောင် ပေါရဲသူပါလား နော်”)

•    _____ ရဲ့ပါးပေါ်က မှဲ့လေးဖြစ်ချင်လိုက်တာ (“ဟင့်အင်း၊ ကျွန်မကမှဲ့ရုပ်ဆိုးကြီးလိုချင်ဘူး”)

•    ကြည့်ကောင်းလို့ ______ ရဲ့ ပုံကို desktop မှာတင်ထားလိုက်ပြီ (“ရှင့် PC က Core i7 မဟုတ်ရင်တော့ sorry ပဲ)

•    BeeeeeeeeeeeeeeOoooooooooooooTeeeeeeeeeeeeeeeeeeeeFuuuuuuuuuuuuuuuuuuuLLLLLLLLLLLLLLLLLL!! ;) (“Sorry but I don’t talk to people who have trouble spelling.”)

  မည်သူတစ်ဦးတစ်ယောက်ကိုမျှ နာကျင်ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်ပါ။ အပျော် သဘောဖြင့်သာ ရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုရှိပါက ခွင့်လွှတ်စေလိုပါသည် :P

                                                                                                                    ပုံ

                                                                                                              Chilly Chan


                                                              http://mymclub.net ကူယူဖော်ပြခြင်း ဖြစ်ပါတယ်။

12 December, 2011

မမှားအောင်ဖြတ်ပါ

မြန်မာစာ ရေးကြတဲ့အခါ အဖြတ်အတောက် အထားအသိုတွေကို အမှုမဲ့ အမှတ်မဲ့ ကြုံသလို သုံးလိုက်ကြတဲ့အခါ မထင်မှတ်ဘဲ ရယ်စရာတွေ ဖြစ်လာတတ်ပါတယ်။ လေးညှင်း၊ ထန်းမြစ်၊ ယမ်း၊ ကတိုး၊ ရှိန်းခို၊ တောင်ကြာဥ၊ ဂျူး၊ ဆင်ချေးမိုဆိုတဲ့ ဆေးညွန်းတောင် အဖြတ်အတောက်မှားလို့ `လေညှင်းထန်၊ မြစ်ယံကတိုး၊ ရှိန်းခိုတောင် ကြာဦး၊ ကျူးဆင်ချီမိုး´ ဆိုပြီး ကဗျာ ဖြစ်သွားတယ် ဆိုတာကို ကြားဖူးကြမှာပါ။

အဖြတ်အတောက်ဟာ အင်မတန် အရေးကြီးပါတယ်။ လူအချင်းချင်း နားလည်မှုတွေနဲ့ အလုပ်လုပ်ရတဲ့အခါ အဖြတ်အတောက် မှားသွားခဲ့ရင် (ရေးတဲ့လူ ကိုယ်တိုင်ကတော့ သူ ဘာကို ဆိုလိုချင်တယ် ဆိုတာကို သိပေမယ့်) တခြားလူတွေမှာတော့ တော်တော်လေးကို စဉ်းစားရတော့ တာပါပဲ။ စဉ်းစားရင်း ရယ်စရာတွေတောင် ဖြစ်လာတော့တာပါပဲ။


တစ်ခါက ဆိုင်တစ်ဆိုင်မှာ အောက်ပါအတိုင်း ရေးထားပါသတဲ့

 အများပြောတယ် လီဖုန်း


အဲဒီဆိုင်ရှေ့က ဖြတ်သွားတဲ့သူ အားလုံးနီးပါး အဲဒီဆိုင်းဘုတ်ကို နားလည်အောင် တော်တော်လေး ကြိုးစားလိုက်ရပါသတဲ့။ သူရေးထားတာက အများပြော တယ်လီဖုန်းဆိုတာပါ။


အဖြတ်အတောက်နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ မြန်မာစကားပုံတစ်ခုကတော့ ခွေးဖြူတောမတိုးဝံ့ဆိုတာပါ။ခွေးဖြူ တောမတိုးဝံ့ လို့ ဆိုလိုတာလား... ခွေး ဖြူတော မတိုးဝံ့ လို့ ဆိုလိုတာလား ဆိုတာ စဉ်းစားစရာပါ။ မြန်မာစာအဖွဲ့က ထုတ်တဲ့ စကားပုံပေါင်းချုပ်စာအုပ်မှာတော့ နှစ်မျိုးစလုံးကို အမှန်လို့ ယူထားပါတယ်။

၁၂၅။ ခွေးဖြူ တောမတိုးဝံ့။ ။ ကြောက်ရွံ့တတ်သော ခွေးဖြူသည် တောမတိုးဝံ့ သကဲ့သို့ သတ္တိနည်းသူသည် အခက်အခဲကို ရင်မဆိုင်ဝံ့ချေ။

၁၂၆။ ခွေး ဖြူတော မတိုးဝံ့။ ။ ခွေးသည် ဖြူကောင်၏ဆူးကို ကြောက်သဖြင့် ဖြူကောင်များ အကြားသို့ မသွားဝံ့သကဲ့သို့ ကြောက်ရွံ့တတ်သူသည် အခက်အခဲကို ရင်မဆိုင်ဝံ့ချေ။


ငယ်ငယ်က စာအုပ် တစ်အုပ်ထဲမှာ ဆရာမလာတို့တော့ပျော်သည်ဆိုသော စာကြောင်း တစ်ကြောင်းတည်းကို အဖြတ်အတောက်ကို လိုက်ပြီး ၃ မျိုး ဖတ်လို့ရတယ်ဆိုတာကို ရှင်းပြထားတာ ဖတ်ရဖူးပါသည်။

ဆရာ မလာ တို့တော့ပျော်သည်။
-
ဆရာဖြစ်သူ မလာသောကြောင့် ကျွန်တော်တို့ ပျော်သည်။

ဆရာမ လာ တို့တော့ပျော်သည်။
-
ဆရာမ ဖြစ်သူ လာသောကြောင့် ကျွန်တော်တို့ ပျော်သည်။

ဆရာမ လာတို့တော့ ပျော်သည်
-
ဆရာမ ဖြစ်သူက လက်ဖြင့်လာရောက် တို့ထိသောကြောင့် ပျော်သည်။



အလားတူ စာကြောင်းမျိုး နောက်တစ်ခု ရှိပါတယ်။ ဆရာမကပြသဖြင့်ကျွန်တော်တို့ကြည့်သည်ဆိုတဲ့ စာကြောင်းပါ။ ဒီစာကြောင်းကို အဖြတ်အတောက်နောက် လိုက်ပြီး အမျိုးမျိုး အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။

ဆရာမ ကပြသဖြင့် ကျွန်တော်တို့ ကြည့်သည်


ဆရာမက ပြသဖြင့် ကျွန်တော်တို့ ကြည့်သည်


ဆရာမက ပြသဖြင့် ကျွန်တော် တို့ကြည့်သည်

အဖြတ်အတောက်နဲ့ ပတ်သက်လို့ အခုနောက်ပိုင်း လူပြောများနေတာလေးတွေ ရှိပါတယ်။

လာဘ်ပေးရန် မလို = လာဘ်ပေးဖို့ မလိုအပ်
လာဘ်ပေး ရန်မလို = လာဘ်ပေးလျှင် ရန်မလို

ဘုရား ရှိခိုး = ဘုရားကို အရိုအသေပြုခြင်း
ဘုရားရှိ ခိုး = ဘုရားရှိလျှင် ခိုးခြင်း


မြန်မာစာမှာ အဖြတ်အတောက်က မလိုအပ်ဘူးလို့ ထင်ရနိုင်ပေမယ့် အင်မတန်မှ အရေးကြီးပါတယ်။ မမ၊ မောင်ခေါ်ရာ လိုက်မှာလားဆိုရင် အသက်ကြီးတဲ့ မိန်းကလေးကို ယောက်ျားလေးက မေးတာ ဖြစ်ပြီး... မမမောင်၊ ခေါ်ရာလိုက်မှာလားဆိုရင် အသက်ငယ်တဲ့ ယောက်ျားလေးကို မိန်းကလေးတစ်ယောက်က မေးတာ ဖြစ်သွားပါလိမ့်မယ်။

ဒုတိယ ကမ္ဘာစစ်တုန်းက သတင်းစာတစ်စောင်ရဲ့ ခေါင်းကြီးပိုင်းမှာဖြစ်ခဲ့တဲ့ အဖြတ်အတောက်အမှား လို့ဆိုပါတယ်။ တကယ့်အဖြစ်အပျက်လား ဟာသလားတော့ မသိပါဘူး။

အဲဒီသတင်းစာ ခေါင်းစီးမှာ ရေးချင်တာက...ဟစ်တလာက... တော်လှန်ပြီဟုဆို” ... “Hitler Makes Revolution” လို့ ရေးချင်တာပါ။ ဒါပေမယ့် ဒီဇိုင်နာ အမှားပဲလား၊ အယ်ဒီတာအမှားပဲလား ဘယ်သူက လက်စွမ်းပြလွန်သလဲ မသိပါဘူး အောက်ပါအတိုင်း ဖြစ်သွားပါသတဲ့။

ဟစ်တလာကတော်
လှန်ပြီဟုဆို


ဘာသာဗေဒ ပညာရှင်တချို့က မြန်မာစာဟာ အဖြတ်အတောက် မရှိတဲ့ ဘာသာစကားလို့ ဆိုပါတယ်။ အဲလို ဆိုသည့်တိုင်အောင် အဖြတ်အတောက်ဟာ အမှုမဲ့ အမှတ်မဲ့နဲ့ မေ့မထားသင့်တဲ့ အထဲမှာ ပါပါတယ်လို့ ဆိုချင်ပါတယ်။

04 December, 2011

ဝါးဖြင့်ပြုလုပ်ထားသော ကမ္ဘာအကြီးဆုံး စာသင်ကျောင်း


အင်ဒိုနီးရှားနိုင်ငံ Bali မှာ တည်ရှိပါတယ်။ Green School လို့ အမည်ပေးထားပါတယ်။ ကျောင်းသားတွေဟာ အံသြဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ လှပတဲ့နေရာမှာ စာသင်ကြားရမှာပါ။ ကျောင်းဆောက်လုပ်တဲ့အချိန်မှာ ၀ါး၊ ဆင်မြက် (Elephant Grass) နဲ့ရွံစေးကိုသာ အသုံးပြုထားပါတယ်။ ကျောင်းဆောင်တွေကတော့ ၁၈ မီတာအမြင့်နဲ့ ၆၄ မီတာ အရှည်ရှိပါတယ်။ ကျောင်းခန်းမ၊ စာသင်ခန်းများ၊ ရုံးခန်းများနှင့် ကမ်တန်း (Canteen) တို့ ပါရှိပါတယ်။ ကျောင်းရဲ့ လျှပ်စစ်မီးကိုတော့ အရည်အားသုံးလည်တဲ့ Turbine ဂျင်နရေတာတွေနဲ့ တပ်ဆင်ထားတဲ့ Solar ပြားတွေကနေ ရရှိပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းစေမှုကို ကာကွယ်နိုင်တဲ့ နည်းလမ်းလို့ ဆိုပါတယ်။


03 December, 2011

ခေါင်းမလျှော်တာကြာပြီလား

အလုပ်တွေများလို့၊ ဖျားနေလို့၊ ရာသီသွေးလာနေလို့ ခေါင်းမလျှော်ရသေးဘူးလား။ ဆံပင်တွေ စေကပ်ကပ်ဖြစ်ကာ ခေါင်းက အနံ့တွေထွက်နေပြီလား။ ဘာမှ စိတ်မပူပါနဲ့။

သင့်ရဲ့ဆံပင်တွေ စေးကပ်ကပ်ဖြစ်လာပြီး ခေါင်းလျှော်ဖို့လည်း အဆင်မပြေနိုင်ဘူးဆိုရင် သင်မိတ်ကပ်လိမ်းတဲ့ ဘရှပ်(ခ်ျ)နဲ့ Loose Powder သို့မဟုတ် ကိုယ်လိမ်းပေါင်ဒါ အနည်းငယ်ကို ယူလိုက်ပါ။ ပေါင်ဒါတွေ သိပ်များနေမှာစိုးရင် ဘရှပ်(ခ်ျ)ကို အနည်းငယ်ခေါက်ချလိုက်ပါဦး။ ပြီးရင် ဆံပင်အရင်းနားကို လိုက်သုတ်ပေးပါ။ ပေါင်ဒါမှုန့်တွေက ဆံပင်က အဆီတွေကို စုပ်ယူပေးပါလိမ့်မယ်။ အဲဒါဆိုရင် သင်ခေါင်းမလျှော်ဘဲ ညစ်ပတ်နေတာ ဘယ်သူမှ သိတော့မှာ မဟုတ်ပါဘူး။

နောက်တစ်ချက်ကတော့ ဝက်မှင်ဘီးတစ်ခုကို ရေမွှေးဖျန်းလိုက်ပါ။ ပြီးမှ ဆံပင်အရင်းကနေ ဆံဖျားအထိ ဖြီးချပေးပါ။ သင့်ရဲ့ဆံကေသာဟာ တစ်နေ့လုံး မွှေးကြိုင်နေပါလိမ့်မယ်။

အသက်ရှည်ချင်ရင်


သစ်သီးထဲမှာပါတဲ့ ကယ်လ်စီယမ်ဓာတ်ဟာ အရိုးများကို သန်မာစေပါတယ်။ ကင်ဆာဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းစေပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း နည်းစေပါတယ်။ ကယ်လ်စီယမ်ကြွယ်ဝတဲ့ သစ်သီးများကို နေ့စဉ်စားပေးခြင်းဖြင့် သင့်ရဲ့ပျမ်းမျှ အသက်ကို ၂၅ ရာခိုင်နှုန်းပို၍ ရှည်စေနိုင်မှာ ဖြစ်ပါတယ်။

သင်သိရဲ့လား


ပျမ်းမျှအားဖြင့် လူတစ်ယောက်သည် တစ်နေ့လျှင် စကားလုံး ၅၀၀၀ ခန့် ပြောဆို စဉ်းစားလေ့ရှိသည်။ ထိုစကားလုံမျး၏ ၈၀ ရာခိုင်နှုန်းသည် မိမိကိုယ်မိမိ ပြောဆိုနေခြင်းဖြစ်သည်။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေပမာဏစုစုပေါင်းရဲ့ ၁ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာနဲ့ ရေဆာတယ်လို့ ခံစားလာရပါတယ်။

ဒေါက်မြင့်ဖိနပ်အမြဲစီးသူ၏ ကျန်းမာရေးအန္တရာယ်


(၁) နှစ်ရှည်ကြာစွာ ဒေါက်မြင့်ဖိနပ်စီးသူများ၏ ခြေထောက်ကြွက်သားများ ချည့်နဲ့လာတတ်ပါသည်။
(၂) ခြေမျက်စိနှင့် ဒူးအဆစ်အမျက်များ နာကျင်ကိုက်ခဲလာတတ်ပါသည်။
(၃) ခါးရိုး၊ အဆစ်အမျက် နာကျင်ကိုက်ခဲမှု ဖြစ်ပွားတတ်ပါသည်။ ထို့ပြင် ခါးကြွက်သားများ ထိခိုက်ပျက်စီးတတ်၏။
(၄) ဒေါက်မြင့်ဖိနပ် အမြဲစီးခြင်းကြောင့် ထိုအမျိုးသမီး၏ လိင်အင်္ဂါများကို ထိခိုက်စေပြီး ကာမဆန္ဒလျော့နည်း ကျဆင်းစေနိုင်သည်။

ကျန်းမာချင်ရင် ပန်းခြံထဲမှာ လမ်းလျှောက်ပါ


တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးခြင်းဖြင့် ရောဂါ ၂၅ မျိုးဖြစ်နိုင်ခြေ အခွင့်အလမ်းကို လျှော့ချပေးကြောင်း သိရပါတယ်။

ကိုယ်အလေးချိန်ကျစေတယ်

၆၀ ကီလိုဂရမ်ရှိတဲ့ လူတစ်ယောက်ဟာ နာရီဝက်ခန့် အမြန်လမ်းလျှောက်ပေးလျှင် ကယ်လိုရီ ၁၅၀ လောင်ကျွမ်းသွားနိုတယ်။

အူမကြီးကင်ဆာကို တားဆီးနိုင်တယ်

ဗြိတိသျှ ကင်ဆာဂျာနယ်၏ လေ့လာမှုအသစ်တစ်ခုအရ လေ့ကျင့်ခန်း ပုံမှန်လုပ်သူများသည် Polyp (Polypက ကြာရင် ကင်ဆာဖြစ်နိုင်) ဟုခေါ်သော အူအတွင်း အသားပိုဖြစ်နိုင်ခြင်းကို ၃ ပုံ ၁ ပုံ လျော့နည်းစေတယ်။

နှလုံးရောဂါ ဖြစ်နိုင်ခြေလျော့စေတယ်

နှလုံးရောဂါကြောင့် သေဆုံးမှုများတွင် ၃၇ ရာခိုင်နှုန်းသည် ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်နှင့် ဆက်စပ်လျက်ရှိသည်။ လမ်းလျှောက်ခြင်းဖြင့် အဲဒီ အန္တရာယ်ကို လျော့နည်းစေတယ်။

အချစ်ကိစ္စ တိုးတက်စေတယ်

ယောကျာ်းတွေ အသက်ကြီးလာတဲ့အခါ ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ ပိုမြင့်လာတယ်။ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုမရှိခြင်းအာဖြင့် ပန်းသေပန်းညှိုးဖြစ်နိုင်ခြေ အခွင့်အလမ်း တစ်ဝက်လျှော့ချနိုင်တယ်။

အရိုးများ သန်စွမ်းစေတယ်

လမ်းလျှောက်ခြင်းဖြင့် အရိုးပါး ရောဂါမဖြစ်အောင် တာဆီးနိုင်တယ်။ အရိုးသိပ်သည်းဆ ထိန်းသိမ်းထားနိုင်ရန် တစ်ပတ်လျှင် မိနစ် ၁၈၀ လမ်းလျှောက်ဖို့လိုတယ်။

သတိမေ့ရောဂါ ကာကွယ်နိုင်တယ်

တစ်နေ့လျှင် ၁.၆ ကီလိုမီတာမျှ လမ်းလျှောက်ပေးနိုင်ရင်ပဲ အသက်ကြီးလို့ဖြစ်တဲ့ သတိမေ့ရောဂါဖြစ်နိုင်ခြေ တစ်ဝက်လျှော့ချနိုင်တယ်။ အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုအရ လမ်းလျှောက်ခြင်းဖြင့် သက်ကြီးရွယ်အိုများတွင် ဦးနှောက်အတွင်း Grey Matter ပိုမိုများပြားလာစေ ကြောင်းတွေ့ရတယ်။

နှာစေးအအေးမိခြင်းကို ကာကွယ်ပေးတယ်

နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးခြင်းဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ချောင်းဆိုခြင်း၊ နှာချေခြင်းစတဲ့ အအေးမိရောဂါဖြစ်ပွားမှု နည်းပါးစေပါတယ်။

ခေါင်းမလျှော်တာကြာပြီလား


အလုပ်တွေများလို့၊ ဖျားနေလို့၊ ရာသီသွေးလာနေလို့ ခေါင်းမလျှော်ရသေးဘူးလား။ ဆံပင်တွေ စေကပ်ကပ်ဖြစ်ကာ ခေါင်းက အနံ့တွေထွက်နေပြီလား။ ဘာမှ စိတ်မပူပါနဲ့။

သင့်ရဲ့ဆံပင်တွေ စေးကပ်ကပ်ဖြစ်လာပြီး ခေါင်းလျှော်ဖို့လည်း အဆင်မပြေနိုင်ဘူးဆိုရင် သင်မိတ်ကပ်လိမ်းတဲ့ ဘရှပ်(ခ်ျ)နဲ့ Loose Powder သို့မဟုတ် ကိုယ်လိမ်းပေါင်ဒါ အနည်းငယ်ကို ယူလိုက်ပါ။ ပေါင်ဒါတွေ သိပ်များနေမှာစိုးရင် ဘရှပ်(ခ်ျ)ကို အနည်းငယ်ခေါက်ချလိုက်ပါဦး။ ပြီးရင် ဆံပင်အရင်းနားကို လိုက်သုတ်ပေးပါ။ ပေါင်ဒါမှုန့်တွေက ဆံပင်က အဆီတွေကို စုပ်ယူပေးပါလိမ့်မယ်။ အဲဒါဆိုရင် သင်ခေါင်းမလျှော်ဘဲ ညစ်ပတ်နေတာ ဘယ်သူမှ သိတော့မှာ မဟုတ်ပါဘူး။

နောက်တစ်ချက်ကတော့ ဝက်မှင်ဘီးတစ်ခုကို ရေမွှေးဖျန်းလိုက်ပါ။ ပြီးမှ ဆံပင်အရင်းကနေ ဆံဖျားအထိ ဖြီးချပေးပါ။ သင့်ရဲ့ဆံကေသာဟာ တစ်နေ့လုံး မွှေးကြိုင်နေပါလိမ့်မယ်။

စက္ကန့် ၃၀ နဲ့ အသားအရေ စိုပြည်စေတဲ့နည်း


စိုပြည်တဲ့ အသားအရေနဲ့ ကျန်းမာသန့်ရှင်းတဲ့ ရုပ်ရည်ကို မိန်းကလေးတိုင်း ပိုင်ဆိုင်လိုကြတာ သဘာဝပါပဲ။ ဒါကြောင့် Skin Care အလှကုန်တွေကို ငွေကြေးအကုန်အကျခံကာ ဝယ်ယူသုံးစွဲကြပါတယ်။ အားကစားခန်းမကို တကူးတကသွားကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ ပြုလုပ်ကြပါတယ်။ အဲဒီလို တကူးတက အချိန်ပေးမပြုလုပ်ရဘဲ ချက်ချင်းအသားအရေ စိုပြည်လိုပါသလား။ ဒါဆိုရင် ခြေထောက်နှစ်ဘက်ကို စုထားပြီး ခါးကိုကွေးချကာ လက်တွေကို ခြေဖမိုးနဲ့ ထိနိုင်သလောက် ထိထားလိုက်ပါ။ စက္ကန့် ၃၀ လောက်ပြုလုပ်လိုက်ပါ။

အိပ်ပျော်စေဖို့


သင်အိပ်မပျော်ဘူးလား။ ပက်(ပ်)ဝပ်ဆေးရုံ၊ အိပ်စက်ခြင်းဆိုင်ရာစင်တာမှ ဒါရိုက်တာ ဂျွန်ရှနီယာဆန်က အောက်ပါ မဟာဗျူဟာများကို အကြံပေးထားပါတယ်။


အိပ်ရာဝင်ချိန်မှန်ပါစေ

အိပ်ရာဝင်ချိန်နှင့် အိပ်ရာထချိန်မှန်အောင်ကြိုးစားပါ။ သင့်အိပ်ချိန်အပြောင်းအလဲများခြင်းက ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီကို ဇဝေဇဝါဖြစ်စေပါတယ်။


ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

တစ်နေ့တာအတွင်း မိနစ် ၃၀ လောက် ခွန်တိုက်အားတိုက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းက ပူပန်သောကကို ဖယ်ရှားနိုင်ပြီး ကိုယ်စိတ်ဖြေလျော့မှုကို ဖြစ်စေပါတယ်။ ခပ်မြန်မြန်သွက်သွက် လမ်းလျှောက်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။


ရေခပ်နွေးနွေးနှင့် ရေချိုးပါ

ရေခပ်နွေးနွေးနှင့် ကြာကြာချိုးခြင်းက သင့်ခန္ဓာကိုယ်အပူချိန်ကို တိုးမြှင့်ပေးပါတယ်။ အိပ်ချိန်ရောက်တဲ့အခါ ကိုယ်အပူချိန်ကျသွားတဲ့အတွက် သင့်ခန္ဓာကိုယ်အိပ်ချိန်ကျပြီလို့ သတိပေးတဲ့ ကိုယ်တွင်းအချက်ပေးစနစ်တစ်ခု ဖြစ်တယ်။


အနားယူချင်စဖွယ်ဖြစ်အောင် အိပ်ခန်းကိုပြင်ဆင်ပါ

မှောင်ပြီး ဆိတ်ငြိမ်အေးမြတဲ့ ပတ်ဝန်းကျင်က ကောင်းစွာ အိပ်ပျော်အောင် လုပ်ဆောင်ပေးပါတယ်။ လိုက်ကာများကို ချထားခြင်းက အထောက်အကူပြုပါတယ်။


သင့်အိပ်ရာမှာ အရင်းအနှီးပြုပါ

သင့်မွေ့ရာက ၁၀ နှစ်ကျော်ကြာဟောင်းနွမ်းအိကျပြီး သင့်ကိုခါးနာကျောနာ ဝေဒနာပေးပါသလား။ ဒါဆိုလဲဖို့လိုပြီ။ တောင့်တင်းတဲ့ မွေ့ရာနဲ့အိပ်ရာခင်းက အိပ်ပျော်ခြင်းကို အကူအညီပေးပါတယ်။

01 December, 2011

သတင်းနှင့်စာသားများကို ဖော်ပြပေးနိုင်မည့် ကွန်ပျူတာစနစ်သုံး မျက်ကပ်မှန်


သတင်းများဖတ်ရှုခြင်း၊ လူမှုကွန်ရက်ဆိုက်များကြည့်ရှုခြင်းနှင့် ဓာတ်ပုံများကြည့်ခြင်းတို့ကို ကွန်ပျူတာနှင့် စမတ်ဖုန်းများအသုံးပြုစရာမလိုဘဲ မျက်စိရှေ့တွင်ပင် မြင်တွေ့နိုင်စေမည့် ကွန်ပျူတာစနစ် သုံးမျက်ကပ်မှန်တစ်မျိုးကို ပညာရှင်များက တီထွင်ဖန်တီးခဲ့ကြောင်းသိရသည်။ စမ်းသပ်ပုံစံငယ်အဖြစ် တီထွင်ဖန်တီးထားသည့် အဆိုပါမျက်ကပ်မှန်သည် သတင်းများကို လက်သုံး စရာမလိုဘဲ မြင်တွေ့ဖတ်ရှုနိုင်မည့်အပြင် လမ်းညွှန်နှင့် တီဗီအစီအစဉ်များကို ဖော်ပြရန်အတွက်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါမျက်ကပ်မှန်သည် အသုံးပြုနေကျ မျက်ကပ်မှန်များအတိုင်း တပ်ဆင်ခြင်း၊ ဖြုတ်ခြင်းများ ပြုလုပ်နိုင်ပြီး အလွယ်တကူအသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်းကို လူ့ဆံပင်ထက် အဆပေါင်း ၁၀၀၀ ပိုမို၍ သေးငယ်သော အစိတ်အပိုင်းများ ထုတ်လုပ်ရာ၌ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ မျက်ကပ်မှန် ပါမောက္ခ Babak Parviz က ဖန်တီးခဲ့ခြင်းဖြစ်ပြီး အဆိုပါမျက်ကပ်မှန်ကိုဖန်တီးရာ၌ LED အလင်း၊ ကြိုးမဲ့ချိတ်ဆက်မှုမှတစ်ဆင့် သတင်းအချက်အလက်နှင့် စွမ်းအင်ရယူနိုင်မည့် အင်တာနာတစ်ခုအပြင် လျှပ်စစ် ပတ်လမ်းများပါဝင်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် အမြင်အာရုံချို့တဲ့သူများအတွက် အလင်းပြန်လည်ရရှိစေမည့် bionic eye ကိုလည်း ဗြိတိန်နိုင်ငံသားများအတွက်စမ်းသပ်ခဲ့ပြီး အဆိုပါမျက်စိဖြင့် နာရီကြည့်ခြင်းနှင့် နေ့စဉ်အသုံးပြုနေသည့် အရာဝတ္ထုအချို့ကို အမျိုးအစားခွဲခြားနိုင်မည့်အမြင်မျိုး ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ Oxford နှင့် လန်ဒန်တို့တွင် အမျိုးသားနှင့် အမျိုးသမီး ၁၂ ဦးကျော်ကို အဆိုပါ bionic eye အစားထိုးခွဲစိတ်ကုသမှုစမ်းသပ်ပြုလုပ်ခဲ့ပြီး ယင်းခွဲစိတ်မှုမျိုးကို ဥရောပနိုင်ငံများတွင်ပါ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါက ဘေးကင်းပြီးထိရောက်သော device တစ်မျိုးအဖြစ် ၂၀၁၃ ခုနှစ်တွင် ဈေးကွက်တင်သွင်းနိုင်မည်ဟု သိရသည်။

                                                                                                          ကွန်ပျုတာဂျာနယ်