>

01 January, 2012

အတိတ်ကို ပြန်ပို့ပေးနိုင်မည်လား


အလင်းအလျဉ်ထက် ပိုမိုလျင်မြန်စွာ ပြေးလွှားနေတဲ့ အက်တမ်အောက် သေးငယ်တဲ့ အမှုန်တွေကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း  အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က ထုတ်ဖော် ကြေညာခဲ့တယ်။ ၂၀ ရာစုရဲ့ အကျော်ကြားဆုံး သိပ္ပံပညာရှင်ကြီး အဲလဘတ်အိုင်းစတိုင်းရဲ့ စကြဝဠာဆိုင်ရာ အခြေခံ နိယာမတွေထဲက တစ်စုံသော နိယာမကို စိန်ခေါ်မှုဖြစ်တယ်။ အိုင်းစတိုင်းက စကြဝဠာ၌ အလင်းအလျဉ်သာ အမြန်ဆုံးလို့ ယူဆခဲ့တယ်။ ဂျီနီဗာမြို့အနီးရှိ (CERN) မှ အီတလီနိုင်ငံ ဂရန်ဆက်ဆို မြို့အထိ မြေအောက် လိုဏ်ခေါင်းထဲ၌ နျူထရီနို အမှုန်များကို ပစ်လွှတ်ပြီး ၃ နှစ်ကြာ စမ်းသပ်ခဲ့ခြင်း ဖြစ်တယ်။ သိပ္ပံပညာရှင်တွေက အဆိုပါ စမ်းသပ်ချက်တွေမှ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ယုံကြည်ကြောင်း ပြောကြားခဲ့တယ်။ အဖြေ ရလဒ်တွေကို အထပ်ထပ် အခါခါ စစ်ဆေးခဲ့ပေမယ့် မှားယွင်းမှု တစ်စုံတစ်ရာ မတွေ့ရှိဘူးလို့ ဆိုတယ်။

အဲလ်ဘတ်အိုင်းစတိုင်းရဲ့ ၁၉၀၅ ခုနှစ်၌ ထုတ်ဖော် တင်ပြခဲ့တဲ့ အထူးရက်လတီဗတီ (Special Relativity) သီအိုရီတွင် အလင်းအလျဉ်ကို စကြဝဠာဆိုင်ရာ ကိန်းသေ အလျဉ်အဖြစ် သတ်မှတ်ခဲ့တယ်။ ရာစုနှစ် တစ်ခုကြာမျှအထိ စိန်ခေါ် စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိခဲ့တဲ့ တစ်လောကလုံးဆိုင်ရာ နိယာမအဖြစ် ရပ်တည်ခဲ့တယ်။ စကြဝဠာနဲ့ စကြဝဠာအတွင်းရှိ ဖြစ်ပျက်မှု အရာရာအတွက် ရူပဗေဒဆိုင်ရာ စံနှုန်း သတ်မှတ်ချက် တစ်ခုအဖြစ် တည်ရှိခဲ့တယ်။ အမှုန် အရှိန်ပေးစက်ကြီး တည်ရှိရာ ဂျီနီဗာမြို့မှ ဂရန်ဆက်ဆို မြို့အထိ မိုင် ၅၀၀ ရှည်လျားတဲ့ မြေအောက် လိုဏ်ခေါင်းထဲမှာ နူထရီနို ရောင်စဉ်တန်း ၁၅,၀၀၀ ကိုပစ်လွှတ်ပြီး ၃ နှစ် စမ်းသပ်ခဲ့ခြင်း ဖြစ်တယ်။ အလင်းအလျဉ်က တစ်စက္ကန့်ကို ၂၄၀,၀၀၀ မိုင်ဝန်းကျင် လျင်မြန်စွာ ပြေးလွှားနိုင်တယ်။

ယခု နျူထရီနို အမှုန်တွေက အလင်းအလျဉ်ထက် နုန်နိုစက္ကန့် ၆၀ မျှ ပိုမိုလျင်မြန်စွာ ပြေးလွှားနိုင်ကြောင်း တွေ့ရှိရတယ်။ တစ်စက္ကန့်ကို ၁ ဘီလျံပုံရင် အပုံ ၆၀ မျှ ပိုမို လျင်မြန်တယ်လို့ ဆိုရမယ်။ ဒါဟာ အလွန်သေးငယ်တဲ့ ကွာခြားချက်ပမာဏ ဖြစ်ပေမယ့် ရူပဗေဒ ပညာရပ်အတွက် အလွန် အရေးပါတယ်။ ယခု ရှာဖွေတွေ့ရှိချက်ဟာ ရူပဗေဒနယ်ပယ်မှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းတာကြောင့် လူတိုင်းက စေဒကတက် ငြင်းခုံဆွေးနွေးမှုတွေ စတင် ထွက်ပေါ်လာပါတယ်။ နေမင်းကြီးမှာ ဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုတွေ ကဲ့သို့သော နျူးကလီးယား ဓာတ်ပြုမှုဖြစ်စဉ် (သို့မဟုတ်) ရေဒီယိုသတ္တိ ဖြစ်စဉ်တွေကြောင့် ထွက်ပေါ်လာတဲ့ ဒြပ်ထုပမာဏ အနည်းငယ်နဲ့အတူ နျူထရီနိုတွေ တည်ရှိနေကြောင်း ၁၉၃၄ ခုနှစ်၌ အတည်ပြုခဲ့ပေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ ပဟေဠိ ဖြစ်နေခဲ့တယ်။

ရောမမြို့တော် တောင်ဘက်အထိ ရောက်ရှိတဲ့ အီတလီနိုင်ငံရဲ့ ၇၅ မိုင်ရှည်လျားတဲ့ မြေအောက်လိုဏ်ခေါင်း ဓာတ်ခွဲခန်းကြီးဟာ အမှုန်ရူပဗေဒနဲ့ ကော့စမစ် ရောင်ခြည် သုတေသန လုပ်ငန်းဆိုင်ရာ အကြီးဆုံး သုတေသနကြီး ဖြစ်တယ်။ ၂၂ နိုင်ငံမှ သိပ္ပံပညာရှင်ပေါင်း ၇၅၀ ခန့် ပူးပေါင်း လုပ်ကိုင်နေတယ်။ လိုဏ်ဂူရဲ့ အပေါ်ဘက် မြေသားအထူက ပေ ၄၂၀၀ ခန့်ရှိတယ်။ အဲလ်ဘတ်အိုင်းစတိုင်း၏ E = mc2 ဖော်မြူလာမှာ ရိုးရှင်းပေမယ့် အလွန် နက်နဲတဲ့ အတွေးအခေါ်ကြီး ဖြစ်တယ်။ (ဒြပ်ထု) တွေကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ကြောင်း အခိုင်အမာ ဖော်ပြထားတယ်။ ဒြပ်ထုက သေးငယ်ပေမယ့် အလင်းအလျဉ်ရဲ့ မြန်ဆန်ခြင်းကြောင့် အံ့သြဖွယ် စွမ်းအင်တွေ ထွက်ပေါ်လာတယ်။ အရာဝတ္ထု တစ်ခုက အလင်းအလျဉ်နီးပါး မြန်ဆန်လာချိန်မှာ ဒြပ်ထုက နောက်ထပ် ဖြစ်ပေါ်လာသည့် အရှိန် ကာကွယ်နိုင်စွမ်း ပိုမိုမြင့်မားလာတယ်။ အဆိုပါ တွေးခေါ် ယူဆချက်ဟာ အခုရှာဖွေ တွေ့ရှိချက်ကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ အိန်းစတိန်း တင်ပြစဉ်က ယုံကြည်ရန် ခက်ခဲပြီး ထူးခြားဆန်းကြယ်တဲ့ တင်ပြချက်အပြင် တုံ့ပြန်မှုမျိုး ယခုထပ်မံ ပေါ်ထွန်းလာခဲ့ပြီ ဖြစ်တယ်။ အလင်းအလျဉ်နှုန်းဖြင့် ခရီးသွားရင် အာကာသကို ကျုံ့ပစ်ပြီး အချိန်ကို တိုတောင်း သွားစေတာကြောင့် သမားရိုးကျ ယုံကြည်လက်ခံနိုင်တဲ့ ဘောင်အပြင်ဘက် ကျော်လွန်တဲ့ အဖြစ်အပျက်တွေ ပေါ်ထွက်လာလိမ့်မယ်။ အလင်းအလျဉ်နှုန်း လျင်မြန်တဲ့ အာကာသယာဉ်ဖြင့် ခရီးထွက်သွားတဲ့လူ ပြန်ရောက်လာရင် သူ့ညီဟာ သူ့ထက်ပိုပြီး အသက်ကြီးနေမယ်။ အိုကြီး အိုမင်း ရင့်ရော်နေမယ်။ ဒါဟာ အိုင်းစတိုင်း သီအိုရီကို အခြေခံပြီး ပုံဖော်တဲ့ ပြယုဂ်တစ်ခုပါပဲ။

ဒါပေမဲ့ ဒြပ်ထု၊ အာကာသနဲ့ အချိန်တို့ဟာ အကြွင်းမဲ့ အမှန်တရား (ပရမတ္တသစ္စာ) မဟုတ်ဘဲ ပြောင်းလဲနိုင်ကြောင်း အိုင်းစတိုင်းက တင်ပြခဲ့တယ်။ အလင်းအလျဉ် အမြန်နှုန်းဖြင့် ခရီးသွားရင် အချိန်ကို ချုံ့ပစ်နိုင်တယ်။ အလင်းအလျဉ်ထက် မြန်တဲ့ အမြန်နှုန်းဖြင့် ခရီးသွားရင်တော့ အတိတ်ကို ပြန်ရောက်သွားလိမ့်မယ်။ တစ်စက္ကန့်ကို ၂၉၉,၇၉၂ ကီလိုမီတာနှုန်း လျင်မြန်တဲ့ အလင်းအလျဉ်ထက် ယခု နျူထရီနိုအမှုန်တွေက တစ်စက္ကန့်ကို ၃၀၀,၀၀၆ ကီလိုမီတာနှုန်းဖြင့် အသာစီး ရထားတယ်။ အိုင်းစတိုင်းဟာ  သူ့ရဲ့ နောင်တော် သိပ္ပံပညာရှင်ကြီးတွေဖြစ်တဲ့ ဂလီလီယိုနဲ့ နယူတန်တို့ရဲ့ ရူပဗေဒ အခြေခံ အတွေးအခေါ် စိတ်ကူးတွေထံမှ သူ့ရဲ့ သီအိုရီကို တိုးချဲ့စဉ်းစား အဖြေထုတ်ခဲ့ခြင်း ဖြစ်တယ်။ နယူတန်ရဲ့ ဖော်မြူလာက F = ma အားဟာ ဒြပ်ထုနဲ့အရှိန် မြှောက်လဒ်နဲ့ ညီမျှတယ်။

အိုင်းစတိုင်းရဲ့ E=mc2 က စွမ်းအင်ဟာ ဒြပ်ထုနဲ့ အလင်းအလျဉ် ၂- ဆ မြှောက်လဒ်နဲ့ ညီမျှတယ်။ အိုင်းစတိုင်းရဲ့ ဖော်မြူလာထဲမှ ပထမဆုံးဖြစ်တဲ့ ဒြပ်ထုနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေနဲ့ ရှာဖွေ တွေ့ရှိချက်တွေ ထွက်ပေါ်လာတယ်။ အလင်းအလျဉ်ထက်ပိုပြီး လျင်မြန်တဲ့အရာ မရှိသေးတာကြောင့် အိုင်းစတိုင်းရဲ့ အလင်းအလျဉ်ဟာ စံနှုန်းတစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်တယ်။ ဒါပေမဲ့ အိန်းစတိန်းရဲ့ သီအိုရီ မှားယွင်းကြောင်း မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယခု ရှာဖွေတွေ့ရှိချက် အသစ်ကို စစ်ဆေးနေဆဲ ဖြစ်လို့ပါပဲ။ သိပ္ပံပညာရှင်တွေဟာ သဘာဝရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိပြီး လူသားရဲ့ အတွေးအမြင်ကို ထပ်မံ ဆန့်ထုတ်နိုင်ခဲ့တယ်။ သိပ္ပံပညာရှင်တွေဟာ OPERA သုတေသန စခန်းမှ သုတေသနပြု စမ်းသပ်မှုတွေကို ၃ နှစ်ကြာ ဆောင်ရွက်ခဲ့ကြတယ်။

ယခု ရှာဖွေတွေ့ရှိချက် အပေါ် သိပ္ပံပညာရပ်နယ်မှ ထောက်ခံသူတွေ ရှိသလို ဆန့်ကျင် ကန့်ကွက်သူတွေလည်း ရှိတယ်။ ဒါဟာ သဘာဝလွန် ထုတ်ဖော် ကြေညာချက် ဖြစ်တာကြောင့် သဘာဝလွန် ထုတ်ဖော်ကြေညာချက်တွေဟာ သဘာဝလွန် သက်သေပြချက် လိုအပ်ကြောင်း အာကာသနဲ့ နက္ခတ္တဗေဒပညာရှင် မာတင်ရီးစ်က ပြောကြားခဲ့တယ်။ ဒါပေမဲ့ သြစတြေးလျမှ ရူပဗေဒပညာရှင် ဒေါက်တာ “ဂျွန်ကော့စတဲလာ” ကတော့ စိတ်လှုပ်ရှားဖွယ် တွေ့ရှိချက်လို့ ဆိုတယ်။ ယခု ရှာဖွေတွေ့ရှိချက်ဟာ မြေစမ်းခရမ်းပျိုးရုံ အဆင့်မျှသာ ရှိသေးတာကြောင့် နောက်ထပ် စမ်းသပ်မှုတွေနဲ့ ပိုမိုခိုင်မာတဲ့ ရှင်းလင်း တင်ပြချက်တွေ လိုအပ်နေကြောင်း အကျော်အမော် ရူပဗေဒပညာရှင် ပါမောက္ခ စတီဖင်ဟော့ကင်းက ပြောကြားခဲ့တယ်။

တယောပြားလေး တစ်လက်၊ ခဲတံတစ်ချောင်းနဲ့ ဗလာစာရွက်တွေကို အသုံးပြုပြီး နှိုင်းရဓမ္မတရားကို သိပ္ပံနည်းကျ ဖော်ထုတ်ခဲ့သူ ငြိမ်းချမ်းရေး သမားကြီး အဲလ်ဘတ်အိုင်းစတိုင်းဟာ အထူးရက်လတီဗီတီ သီအိုရီကြောင့် ရူပဗေဒဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခံရတယ်။ သူဟာ သဘာဝဓမ္မကို နက်ရှိုင်းစွာ တွေးခေါ် မြော်မြင်ပြီး သိပ္ပံပညာရပ် မိုးကုပ်စက်ဝိုင်းကို တိုးချဲ့ခဲ့တယ်။ သိပ္ပံပညာဟာ ဒဿနပညာရဲ့ လက်အောက်ခံပဲ။ ဒါကြောင့် ယခုခေတ်ကဲ့သို့သော အဆင့်မြင့် ဓာတ်ခွဲခန်းကြီးတွေကို အသုံးပြုခွင့်မရှိဘဲ နှိုင်းရဓမ္မ အခြေခံဖြင့် E = mc2 ကို ထုတ်ဖော်တင်ပြ နိုင်ခဲ့တယ်။ ယခုတွေ့ရှိတဲ့ နျူထရီနိုဟာ အလွန် သေးငယ်တဲ့အမှုန် ဖြစ်ပေမယ့် ဒြပ်ထုလုံးဝ ကင်းမဲ့တာတော့ မဟုတ်ဘူး။ အလွန် အင်အားနည်းစွာ တုံ့ပြန်ဓာတ်ပြုတဲ့ အက်တမ်အောက် အမှုန်တစ်ခုဖြစ်ပြီး လျှပ်စစ်ဓာတ်မ ဆောင်တာကြောင့် သာမန် အရာဝတ္ထုတွေကို ဖြတ်သန်းနိုင်စွမ်း ရှိတယ်။

ဒါကြောင့် အီလက်ထရွန်နစ်တွေ အပေါ် သက်ရောက်တဲ့ လျှပ်စစ် သံလိုက်စက်ကွင်းအား သက်ရောက်နိုင်ခြင်း မရှိဘူး။ အလွန်အားနည်းတဲ့ အက်တမ်အောက်  သေးငယ်တဲ့ အမှုန်တွေရဲ့ အားသက်ရောက်မှုကို ခံယူရရှိတဲ့ အမှုန်ဖြစ်တယ်။ နေမင်းကြီးမှာ ဓာတ်ပြုနေကြ သကဲ့သို့သော နူကလီယား တုံ့ပြန်ဓာတ်ပြုခြင်း (သို့မဟုတ်) ရေဒီယို သတ္တိကြွခြင်းတို့ကြောင့် နျူထရီနိုတွေ ဖြစ်ပေါ်လာတယ်။ ၁၉၇၀၊ နိုဝင်ဘာ ၁၃ ရက်နေ့မှာ Hydrogenကို အသုံးပြုပြီး နျူထရီနိုတွေကို ပထမဆုံး စူးစမ်း လေ့လာခဲ့တယ်။ နျူထရီနို အမှုန်တစ်ခုကို Hydrogen အက်တမ်မှ ပရိုတွန်တစ်ခုကို တိုက်ခိုက်စေပြီး သုတေသန ပြုခဲ့တယ်။ နျူထရီနိုတွေကို အစဉ်တစိုက် စမ်းသပ်ခဲ့တဲ့ ရလဒ်တွေအရ အလွန်ပေါ့ပါးတဲ့ အမှုန်ဖြစ်ကြောင်း တွေ့ရှိရတယ်။ အလင်းအလျဉ်နီးပါး မြန်လိမ့်မယ်လို့ ယူဆခဲ့တယ်။ ကမ္ဘာပ်ါရှိ နျူထရီနို အများစုဟာ နေမင်းကြီးမှတစ်ဆင့် ရောက်ရှိလာကြပါတယ်။

ကမ္ဘာပ်ါရှိ ၁ စတုရန်း စင်တီမီတာ ဧရိယာတိုင်းဆီသို့ တစ်စက္ကန့်တိုင်းမှာ နေမင်းကြီးမှ ရောက်ရှိလာတဲ့ နျူထရီနိုပေါင်း ၆၃ ဘီလျံခန့်ရှိကြောင်း သိပ္ပံပညာရှင်တွေက တင်ပြခဲ့တယ်။ အိန်းစတိန်းရဲ့ E = mc2 ဖော်မြူလာ ပေါ်ထွက်လာပြီး နောက်မှာလည်း နယူတန်ရဲ့ စွမ်းအင်တည်မြဲမှု နိယာမကို လက်ကိုင် ပြုနေရဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် အလင်းအလျဉ်ထက် မြန်ကြောင်း မှန်ကန်ခဲ့မယ်ဆိုရင် လူသားတွေဟာ အတိတ်ကို ပြန်သွားနိုင်ဖွယ် ရှိလာမှာ မလွဲပေဘူး။

No comments:

:a   :b   :c   :d   :e   :f   :g   :h   :i   :j   :k   :l   :m   :n   :o   :p   :q   :r   :s   :t

Blogger Tricks And TipsComment here