>

04 March, 2011

ရယူလိုသောဆု

နတ်ပြည်ရောက်၍
ဝင်းတောက်ထိန်လျှ၊ံ နတ်ဗိမာန်နှင့်
နေရန်အကြောင်း၊ ဆုမတောင်းပါ။

ဗြဟ္မာဘုံရောက်၊ ရွှေရောင်တောက်၍
မြင့်မောက်ဂုဏ်သိန်၊ သူ့စည်းစိမ်ဖြင့်
ဇိမ်ခံလိုကြောင်း၊ ဆုမတောင်းပါ။

ရည်မှန်းချက်ကို၊ စောင့်လျက်နေ့ည
သက်ပြင်းချ၍၊ ကြောင့်ကြပူပင်
ကိုယ်တွင်ဆုတ်နစ်၊ မြူညစ်စိတ်နွမ်း
မဖုံးလွှမ်းဘဲ။

လောဘပိုကဲ၊ ဆန္ဒဇွဲနှင့်
စိတ်ထဲယဉ်ယဉ်၊ ဘဝမြင့်ကာ
ကိုယ်ထီးသာလျှင်၊ ထွေရာစိတ်ကူး
အရူးယောက်ျား၊ မဟုတ်ငြားဘဲ။

ကိုယ်၏ဇွဲမာန်
ကိုယ့်အားမာန်ကို၊ အမှန်မသိ
မချိပူဆာ၊ နောင်ခါနောင်ရေး
ပူဆွေးမရွှင်၊ လိုချင်အခွင့်
မျှော်တလင့်ကြောင့်၊ သူဖြင့်ကိုးစား
သူ့အားတာတီ၊ မပီယောက်ျား
မဟုတ်ငြားဘဲ။

ရလိုသမှု၊ လှူလှူလောဘ
ကင်းစင်ပ၍၊ ဒေါသမထန်
မာန်မာမရှိ၊ ပကတိသို့
ငြိမ်ဘိစိတ်တွင်၊ ပတ်ဝန်းကျင်နှင့်
အစဉ်လက်တွဲ၊ ခွာမရှဲဘဲ
မြဲသည်သတိ၊ သိသည်ဝန်တာ
ဤလူ့ရွာဝယ်၊ သာမန်စိတ်ထား
လူသားစင်စစ်၊ ဖြစ်လိုပါကြောင်း
ငါဆုတောင်း၏ ။    ။

2 comments:

  1. ကဗျာလေးကကောင်းလိုက်တာနော်

    ReplyDelete
  2. မြဲသည်သတိ၊ သိသည်ဝန်တာ
    ဤလူ့ရွာဝယ်၊ သာမန်စိတ်ထား
    လူသားစင်စစ်၊ ဖြစ်လိုပါကြောင်း
    ငါဆုတောင်း၏ ။ ။

    ReplyDelete