နင့်အပြုံးတစ်ချက်ရဖို့
ငါ့မျက်ရည်တစ်စက်ရင်းရမယ်ဆိုရင်လည်း
ငါမငြိုငြင်ပါဘူး ချစ်သူ။
နင်သာပျော်နေမယ်ဆို
ငါ့ရဲ့ဟန်ဆောင် မျက်နှာဖုံးအောက်ကို
နင်မမြင်အောင် ငါလျှို့ဝှက်ထားပေးပါ့မယ်...
ကြယ်ကြွေတာမြင်ရင်
ဆုတောင်းပြည့်တတ်တယ်တဲ့
ငါကြားဖူးတဲ့ စကားလေးတစ်ခုလေ
ငါ့ဆန္ဒမပြည့်ချင်နေပါ
ငမိုက်သား ဖြစ်လိုကဖြစ်စေ
အများလိုအင်ပြည့်ဖို့
ကြွေလွင့်ပေးရတဲ့ ကြယ်တစ်ပွင့်
ငါမမြင်ရက်တာမို့
ဆုမတောင်းလိုပါဘူး ချစ်သူ....
နင့်ရဲ့ချစ်ခြင်း အပြည့်အဝမရနိုင်မှတော့
အတ္တကြီးတယ်ဆိုချင်ဆို
အလွမ်းတွေနဲ့ ငါနေတတ်ခဲ့ပြီပဲ
ငါ့အတွက်တော့ ဝေဒနာတွေဟာလည်း မထူးဆန်းတော့ပါဘူး...
ငါ့ရင်ခွင်နန်းတော်မှာ
တစ်ဦးတည်းသော အရှင်သခင်အဖြစ်
နေရာပေးပြီးချစ်ခဲ့လည်း
နင်မှမနေလိုခဲ့တာ
လက်ပြနှုတ်ဆက်ထွက်သွားလိုသူကိုလည်း
ငါမတားချင်တော့ပါဘူး...
ဒဏ်ရာတွေနဲ့
ငါဘယ်လိုရပ်တည်နေမလဲဆိုတာ
နင်သိစရာမလိုတော့ပါဘူး...
(သိလည်း နင်မှစိတ်မဝင်စားတာ)
ငါ့အတွက်ကတော့
နင်သာပျော်နေမယ်ဆိုရင်
အရာရာ အဆင်ပြေပါတယ်...